ဋီကာကျော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဋီကာကျော်[ပြင်ဆင်ရန်]

ဋီကာကျော် ကျမ်းသည် သီဟိုဠ်ကျွန်း ပရက္ကမဗာဟုမင်း လက်ထက်တွင် သာရတ္ထဒီပနီ ဋီကာဆရာ ရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သော အရှင်သုမင်္ဂလသာမိမထေရ် ပြုစုစီရင်သော ကျမ်းဖြစ်၏။ ဋီကာကျော်ဟူသောပုဒ်၌ ဋီကာဟူသော စကား သည် တစ်ပုဒ်၊ ကျော်ဟူသော စကားသည် တစ်ပုဒ်ဖြစ်၏။ ဋီကာသည် ပါဠိစကားဖြစ်၏။ ဋီကီယတိ ဇနီယတိ အဋ္ဌကထာ ယအေတ္ထာဧတာယာတိ ဋီကာဟူသော ဝိဂြိုဟ်အရ၊ အဋ္ဌကထာ ၏ အနက်အဓိပ္ပါယ်အသွယ်သွယ်ကို သိသာထင်ရှားအောင် အကျယ်တဝင့်ဖွင့်ဆို ကြောင်းဖြစ်သောကြောင့် ဋီကာမည်၏။ ပါဠိတော်၏ အဖွင့်ကျမ်းသည် အဋ္ဌကထာမည်၏။ အဋ္ဌကထာ ၏ အဖွင့်ကျမ်းသည် ဋီကာမည်၏။ ဋီကျမ်းသည်လည်း ပိဋက သုံးပုံ အစုံအလင် များစွာပင်ရှိလေသည်။

ဤဋီကာကျော် ကျမ်းကား အဘိဓမ္မာ ရ ကျမ်းမှ လာရှိ သော စိတ် စေတသိက်စသော တရားတို့ကို အကျဉ်းချုံး၍ အရှင်အနုရုဒ္ဓါဆရာ ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟမည် သော သင်္ဂြိုဟ်လက်သန်း အဋ္ဌကထာကျမ်းကို ဖွင့်ဆိုသောကျမ်း ဖြစ်၏။

ကျော်ဟူသော စကားမှာ ကျော်စောထင်ရှားသော အနက် ရှိသော မြန်မာစကားဖြစ်၏။ ဋီကာအများနှင့်တကွ လက်သန်း အဋ္ဌကထာ မည်သော အဘိဓမ္မတ္ထသင်္ဂဟသင်္ဂြိုဟ်ကျမ်း၏အဖွင့်၊ ဋီကာဟောင်း၊ သင်္ခေပ ဝဏ္ဏနာ ဋီကာများရှိပါလျက်နှင့် အခြား ဋီကာများကို ကျော်သဒ္ဒါတပ်၍မခေါ်ဆိုဘဲ၊ ဤဋီကာကိုသာ ကျော်ဘွဲ့တပ်ကာ ဋီကာကျော်ဟု အဘယ့်ကြောင့်ခေါ်ဆိုရပါ သနည်းဟူမူ၊ ယခုအဆိုလတ္တံ့သော အကြောင်းတို့ကြောင့်ဖြစ်၏။ အရှင်သုမင်္ဂလာသာမိ မထေရ်၏ ဋီကာကျမ်းသည် မြန်မာ နိုင်ငံသို့ အစဉ်အားဖြင့်ရောက်လာရာ၊ ဆရာစဉ်ဆက် သင်ကြား ပို့ချကြသောအခါ၊ စာသင်ငယ်အများသိနားလည်ရန် ပေါ်လွင် ထင်ရှားသော အနက်အဓိပ္ပါယ် ရှိသောကြောင့် 'ဋီကာလှ'ဟု ရှေးဦးစွာတွင်၏။

သက္ကရာဇ် ၈ဝ၄ ခုနှစ် ရတနာပူရ အင်းဝနေပြည်တော် နရပတိမင်းလက်ထက် နန်းစံခြောက်နှစ်မြောက်တွင် ပင်းယ မြို့တော်တောင်လက် စကားအင်းရွာဇာတိ အရိယဝံသမည်သော အရှင်သည် မိန်းမကိုယ်ဝန် ဆောင်တရွက်မျှလောက်သော သဒ္ဒါကြီး၊ သဒ္ဒါငယ်၊ သင်္ဂြိုဟ်၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာ စသော ကျမ်းစာများကို နှုတ်အရအာဂုံ လုံးစုံတျက်တျက် ကောင်းစွာဆောင်ရွက်နိုင်ပါလျက် ပိဋကအရာ လိမ်မာတတ် မြောက် ဉာဏ်အမြင်ပေါက်မှု မရှိပါ၍၊ စိတ်ပျက်နွမ်းလျ၊ လက်မှိုင်ချ၍နေလေ၏။ ထိုနောက်၌မူ၊ စစ်ကိုင်းတောင် ရေငုံ ချောင်ဆရာတော်၏ သင်းပျံ့ မွှေးကြူ၊ သူမတူတန်၊ ကျန်းဂန်ကျ န၊ တတ်တော်မူလှသော သတင်းထူးကို ကြားသိရ၍၊ အရိယ ဝံသအရှင်သည် ယင်းဆရာတော်ထံ နည်းခံသင်ယူရန် အခွင့် ကောင်းကို ဝပ်စင်းတောင်းယူ၍၊ ဤဋီကာကျမ်းကို ကျမ်းထွက်၊ ကျမ်းတက်၊ သံဝဏ္ဏနာဆက္က၊ အချက်ကျန၊ နယစုံစွာပို့ချသင် ကြားတော်မူလေသည်။ ထိုအခါမှ ဋီကာကျမ်းဦးအစ၊ ရတနတ္တ ယမဏာမအဖွင့်ပလ္လင်တို့မျှဖြင့်၊ ပညာမျက်စိအလင်းကို ရရှိ သဖြင့်၊ ကဝိမုံသောက် ပေါက်အာဇာနည် ကျမ်းတတ်ပုဂ္ဂိုလ် ကျော်မြတ် ဖြစ်ရသည်ကိုအကြောင်းပြု၍ 'ကျော်ရော့ဟဲ့ဋီကာ' ဆိုသော ဆရာတော်အစဉ်အဆက်တို့၏ စကားအရ၊ ဋီကာလှ အမည်ပျောက်၍၊ ဋီကာကျော် ဟူသောအမည်ဖြင့် ထင်ရှားကျော် စောလာသည်မှာ ယခုတိုင်အောင်ပင်ဖြစ်၏။ အရှင်အရိယဝံသ မထေရ်လည်း ထိုဋီကာကျော်၏အဖွင့် မဏိသာရမဉ္စူသာ မည်သော ကျမ်းကို ရေးသားစီရင်တော်မူခဲ့ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)