နဝရူပ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
နဝရူပ (ခေါ်) ဗျာလ
Byalah1.jpg
Byalah2.jpg
Byalah3.jpg

နဝရူပ = ဗျာလ[ပြင်ဆင်ရန်]

ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၎င်းတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ရှိခဲ့ကြသည်။ အလာတူပင် ရခိုင်လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု တစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအတော်များများ မသိရှိ ကြသေးပေ။ ၎င်းတို့ကို ရှေးဟောင်း စေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွေ့ရှိနိုင်ပါသည်။ ယင်း သတ္တဝါကို ရခိုင် လူမျိုးတို့က “ဗျာလ” ဟုခေါ်ဆို ခဲ့ကြသည်။ အဆိုပါ သတ္တဝါ မှာရခိုင် လူမျိုးတို့၏ ရှေးရိုး စဉ်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တဝါဖြစ်သည်။ ဗျာလသည် နဝရူပ ရုပ်ထုတစ်ခုဖြစ်သည်။ တစ်ခုနှင့် တစ်ခု ကွဲပြားခြားနားသော ကိုယ်အင်္ဂါ အစိတ်အပိုင်း (၉)မျိုးပါဝင်သောကြောင့် နဝရူပ ရုပ်ထုဟု ခေါ်တွင်၏။

အဓိပ္ပါယ် ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ဗျာလ် (ခေါ်) ဗျာလ္လ (ခေါ်) ဗျာလ[ပြင်ဆင်ရန်]

ဗျာလ် ဆိုသော ဝေါဟာရသည် သက္ကဋ အဘိဓာန်နှင့် ဟိန္ဒီ အဘိဓာန်တို့တွင် (ဝ+ယ+အာ+လ)ကို သံယုဂ်ပြု၍ (ဗျာလ)၊ အသံထွက်သောအခါ (ဗျာလ်) ဟုထွက်သည်။ ယင်းကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကျားဟူ၍၎င်း၊ မြွေနဂါးဟူ၍၎င်း၊ လင်းယုန်(ဝံလက်) ဟူ၍၎င်း၊ ဂဠုန် ဟူ၍၎င်း၊ ဘုရင်ဟူ၍၎င်း၊ သတ္တလောကထဲမှ တန်ခိုးရှိသော ကြီးမားသည့် သတ္တဝါများကို ဖော်ပြထားကြောင်း၊ ဗိဿဏု ဟူ၍၎င်း ဖွင့်ဆိုသည်။ ရခိုင်ယဉ်ကျေးမှုအရ ဗျာလ် ဆိုသော ဝေါဟာရသည် ထိုတန်ခိုးရှိသော ရုပ်များကို ပေါင်းစပ်ရောနှောထားသော သံမိဿကရုပ်များ ဖြစ်သည်။

ဗျာလကို ပါဠိဘာသာဖြင့် အဓိပ္ပါယ် ဖွင့်ဆိုသော်−

ဗျာလ် = ဝိ + အလံ၊
ဝိ = ဝိသေသန(အထူးအားဖြင့်)
အလံ = သမတ္တံ(စွမ်းဆောင်နိုင်သော)
ဗျာလ = ဝိ + အာလံ (တန်ခိုးဖြင့် စွမ်းဆောင်နိုင်သည်) [၁]

လက္ခဏာ အင်္ဂါရပ်များ[ပြင်ဆင်ရန်]

ယင်း ‘ဗျာလ’ ကို သတ္တဝါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင် ရှိသော သတ္တဝါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ ယင်းသို့ သတ္တဝါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘နဝ ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ အဆိုပါ ‘နဝ ရူပ ဗျာလ’ ရုပ်တွင် ပါရှိသည့်သတ္တဝါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ -

  1. နဂါးအမောက် (သို့) ဆင်နှာမောင်း။
  2. သမင်မျက်လုံး။
  3. ကြံ့ချိုတစ်ချောင်း။
  4. ကြက်တူရွေးလျှာ။
  5. ခြူးကိုယ် (သို့) ငါးကြင်းကွက်။
  6. စာမရီအမြီး (သို့) ဒေါင်းအမြီး။
  7. ဆင်နားရွက် (သို့) မြင်းနားရွက်။
  8. ကျားအစွယ်။
  9. ခြင်္သေ့လက်၊ ခြေ၊ ခေါင်း၊ လည်ဆံ (သို့) ကရဝိတ်ငှက် လည်ဆံ တို့ဖြစ်သည်။

ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသည့်အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ်ထားခြင်းမှာလည်း ဗျာလ သတ္တဝါ ၏ ထူးခြားမှုကို ရည်ညွှန်းထားသည့်အဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရှိသည့် အစိတ်အပိုင်းများ အနက် ကြက်တူရွေးလျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို၎င်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို၎င်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်းကို၎င်း၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို၎င်း၊ ငါး၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို၎င်း ၊ ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်းသည် စွမ်းအင် ကြီးမားခြင်းတို့ကို၎င်း အသီးသီး ကိုယ်စားပြုပါသည်။

အဆိုပါ သတ္တဝါ ကိုးမျိုးတို့၏ အစိတ်အပိုင်းဖြင့် တန်ဆာဆင်အပ်သော သတ္တဝါအား ထားရှိခြင်းဖြင့် အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စေတတ်ဘဲ ၊ လာဘော - လာဘ်လာဘ ကိုသာ ဖြစ်စေတတ်၏ ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။

တွေ့ရှိရာနေရာများ[ပြင်ဆင်ရန်]

ဗျာလရုပ်ထုများကို ရခိုင်၊ဝေသာလီခေတ် သာသနိက အဆောက်အအုံများတွင် စတင်တွေ့ ရှိရသည်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ ဝေသာလီခေတ်ကို ဆက်ခံသော လေးမြို့ခေတ်တွင်လည်း ထုလုပ်ခဲ့ကြသည်။ (ပန်းမြောင်းမြို့နယ်ခွဲ၏ အနီး ချင်းမ တံခါး၏ တံခါးထုတ်တွင် တွေ့ရသည်။) လေးမြို့ခေတ်ကို ဆက်ခံသော မြောင်ဦးခေတ်တွင်မူ ဗျာလရုပ်များကို ပုံစံအမျိုးမျိုးဖြင့် အတော်များများ တွေ့ရလေသည်။ မြောက်ဦးမြို့ရှိ ပုထိုးတော်များရှိ မုခ်ဝ၊ နံရံ၊ တံကဲ တို့၌ တွေ့ရှိနိုင်သည်။ (အထူးသဖြင့် မြောင်ဦးမြို့၊ သျှစ်သောင်း ပုထိုးတော်ကြီး၏ လိုဏ်ဂူတော်နံရံရှိ ကျောက်ဆစ်လက်ရာများ၌ ဗျာလပုံစံအမျိုးမျိုးတို့ကို တွေ့ရပေသည်။)

သာသနိက အဆောက်အအုံများ၏ လိုဏ်ဂူတော်နံရံများတွင်၎င်း၊ မုခ်တံကဲတိုင်၏ ထိပ်ပေါ်တွင်၎င်း၊ မုခ်တံကဲတိုင် တစ်ဖက်တစ်ချက်တွင်၎င်း၊ ဇာတ်နိပါတ်တော် ရုပ်လုံးရုပ်ကြွများ၏ အခန်းဆက်များတွင်၎င်း၊ ရာဇပလ္လင် မုခ်တံကဲများတွင်၎င်း၊ ဘုရားပုလ္လင်တော်များတွင်၎င်း အများအားဖြင့် တွေ့ရသည်။ ဗဟိုရ်စည်တော်၊ မင်္ဂလာစည်တော်၊ ထွက်စည်တော်၊ ဝင်စည်တော်များ ချိတ်ဆွဲသော လက်ရမ်းတိုင် နှစ်လုံးပေါ်တွင် ဗျာလ်ရုပ်တုကို တပ်ဆင်၍ တီးခတ်ခဲ့ကြကြောင်းလည်း သိရှိရသည်။ တစ်ခါတစ်ရံ အိမ်ထောင်ပြု မင်္ဂလာဆောင် အခမ်းအနားများ၌ သောက်သုံးသော မင်္ဂလာဆေးတံ(ပန်းတူ) များတွင်လည်း တွေ့ရှိရပါသည်။ အသုံးအဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရှိရသည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်း အထိမ်းအမှတ် တစ်ခုဖြစ်သော နဝ ရူပ ဗျာလ ကို ကျောင်းကန် ၊ စေတီ ပုထိုးများတွင်၎င်း ၊ ထင်ရှားသော အဆောက်အဦများတွင်၎င်း စွမ်းအင်ကိုးမျိုး ပေါင်းစုထားသော အစောင့်အရှောက် သတ္တဝါအဖြစ် ထားလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တက်ထွန်းနီ(မြောက်ဦး) ရေး ရခိုင် ဗျာလ် Mythical Antelope စာအုပ်မှ