ပုဏ္ဏား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လူတို့တွင် အမျိုးလေးပါး ရှိသည့်အနက် ပုဏ္ဏားသည် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကမ္ဘာဦး အစက လူတစ်မျိုးတည်း ရှိရာမှ ဥက္ကဋ္ဌဇာတိ အမြတ်မျိုးနှင့် ဟိနဇာတိ အယုတ်မျိုးဟူ၍ နှစ်မျိုး ကွဲလာ၏။ ထိုနှစ်မျိုးမှ တဖန် ခတ္တိယဂေါတ္တ ခေါ် မင်းမျိုး ၊ ဗြဟ္မဏ ဂေါတ္တ ခေါ် ပုဏ္ဏားမျိုး ၊ ဝေဿဂေါတ္တခေါ် ကုန်သွယ် လယ်လုပ်မျိုး နှင့် ဒလိဒ္ဒဂေါတ္တ ခေါ် သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါး ကွဲလာပြန်သည်။ ထိုအမျိ်ုးလေးပါးတို့တွင် ပုဏ္ဏားမျိုးသည် မကောင်းမှုကို မပြုပဲ တောတွင်နေထိုင်ပြီး မြတ်သောအကျင့်ကို ကျင့်ကာ ဆွမ်းခံဝတ်ဖြင့် အသက်မွေး၍ ဈာန် ကို ဖြစ်စေသူ ၊ အကယ်၍ ဈာန်မရနိုင်လျှင် မြို့ရွာအနီး၌ နေ၍ ဗေဒင်သင်ကြား သားမယားမယူပဲ နေသူတို့က စတင် ပေါက်ဖွားလာသည်ဟု ဆိုကြသည်။ ရခိုင်ရာဇဝင်၌မူ ဆေး ၊ မန္တာန် ၊ ယတြာ ဗေဒင်တို့ကို မသင်ပဲ ဗြဟ္မစရိယ အကျင့်မြဲလျက် မင်းများထံ ဘိသိက်ဆက်ရသူဟု အဆိုရှိလေသည်။ သက္ကတကျမ်းများတွင်မူ ဗြဟ္မာမင်း၏ ခံတွင်းလေးမျိုးမှ လူများ ပေါက်ဖွားရာ၌ ပုဏ္ဏားသည် ခံတွင်းအဖြူမှ ပေါက်ဖွားသူဟု ယူဆကြလေသည်။

ပုဏ္ဏားကို အမျိုးမျိုး ခွဲကြလေသည်။ သာသနာတော် ကျမ်းများ၌ ပုဏ္ဏား ဆယ်မျိုးကွဲ၍ သက္ကတ ကျမ်းများ၌ ပုဏ္ဏား လေးမျိုး ကွဲလေသည်။

သက္ကတကျမ်းများအရ မင်းမှီစိုးကပ်ခြင်း မပြု ၊ ကုန်စည်မသွယ် ၊ လယ်ယာမလုပ် ၊ အစေအပါးမခံ ၊ အလှူခံခြင်း ဟောပြောခြင်းဖြင့်သာ အသက်မွေးသော ဗြဟ္မဏ ပုဏ္ဏားမျိုး ၊ မင်းမှီစိုးကပ် သူရဲသူခက် အလုပ်ဖြင့် အသက်မွေးသော ခေတြပုဏ္ဏားမျိုး ၊ လယ်ယာ လုပ်ဆောင်ခြင်း ၊ ကုန်သွယ်ခြင်းဖြင့် အသက်မွေးသော ဗိသျှပုဏ္ဏားမျိုး နှင့် အစေအပါးခံ၍ အသက်မွေးသော သုဒြပုဏ္ဏားမျိုး ဟူ၍ လေးမျိုး ခွဲထားလေသည်။

ပုဏ္ဏားမျိုး ၄-ပါး[ပြင်ဆင်ရန်]

ဒေါနသုတ် နိပါတ်တော်လာ၊ ၎င်းင်းတို့၏ အနက်အဓိပ္ပါယ်ကို အောက်ပါ "မာဃဒေဝလင်္ကာသစ်" စကားဖြင့် ထင်ရှားစေအံ့၊ (၂-၉ ပိုဒ်)၊

"ထိုမှတသွန်၊ ကြာမြင့်လွန်၍၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလအခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင်တခု၊ ကျမ်းစာပြု၍၊ သုတိတပေါ၊ ယောနိ တောသား၊ တယောအင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာမခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင်မြတ်လှ၊

(၁) ဗြာဟ္မဏရိုး၊ ရဲကိုးရဲကား၊ ရဲခွန်အားနှင့်၊ ခစားမင်းထံ၊ မင်းကြံမင်းတု၊ မင်းမှုကိစ္စ၊ ရွက်ဆောင်ကြသား၊

(၂) ခတြရိုး၊ ရောင်းမျိုးဝယ်မှု၊ ယာလယ်စုနှင့်၊ လုပ်ဥပကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊

(၃) ဗိသျှအရိုး၊ နွမ်းညှိုးဝမ်းစာ၊ ဆင်းရဲစွာနှင့်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊

(၄) သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှပွား၍၊ ထင်ရှားလူဝယ်၊ ဆင်စလွယ်နှင့်၊ စင်ကြယ်ကျင့်ဝတ် သိက္ခာတည်း။"

(၂၇၁ ပိုဒ်၌) "အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်" ဟုမိန့်ဆိုထားလေသည်။

ပုဏ္ဏားမျိုး ၉-ပါး[ပြင်ဆင်ရန်]

၎င်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။

(၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊

(၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊

(၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊

(၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊

(၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊

(၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊

(၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊

(၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊

(၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။

နိမိတ်ဖတ် ပုဏ္ဏားတော် ၈-ယောက်[ပြင်ဆင်ရန်]

အလောင်းတော်မင်းသား ဖွားမြင်ရာ၌ လက္ခဏာတော်နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက် ရှိသည်။

  1. ရာမပုဏ္ဏား၊
  2. ဓဇ၊
  3. လက္ခဏ၊
  4. မန္တိ၊
  5. ကောဏ္ဍည
  6. ဘောဇ၊
  7. သုယာမ၊
  8. သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသအဋ္ဌကထာ