ဗျည်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗျည်းဆိုသည်မှာ သရနှင့်မှီတွဲဖက်မှသာ အသံထွက်နိုင်သော အက္ခရာများဖြစ်သည်။ မြန်မာဗျည်း (၃၃) လုံး ရှိသည်။ ၎င်းတို့မှာ -

က ခ ဂ ဃ င

စ ဆ ဇ ဈ ည

ဋ ဌ ဍ ဎ ဏ

တ ထ ဒ ဓ န

ပ ဖ ဗ ဘ မ

ယ ရ လ ဝ သ

ဟ ဠ အ တို့ဖြစ်သည်။

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့သည့် ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြသည်။ ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွှင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတစ်ဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။ ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။ ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။ ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။ ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။

ခွေခွေကလေးနေလို့ ခ-ခွေး၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊ ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ ဝမ်းပူနေလို့ တ-ဝမ်းပူ၊ အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ ကုန်းနေလို့ ဘ-ကုန်း၊ ပက်လက်လန်နေလို့ ယ-ပက်လက်၊ အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတစ်ချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။ အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။ [၁]

သရ နှင့် ဗျည်း ပေါင်းစပ်ပုံ[ပြင်ဆင်ရန်]

ဗျည်းဖြစ်သော က်ကို သရဖြစ်သော နှင့် ပေါင်းလျှင် က ဟူ၍ အသံထွက်သည်။ ထိုနည်းတူ -

က် + အ = က က် + အိ = ကိ

က် + အာ = ကာ က် + အီ = ကီ

က် + အား = ကား က် + အီး = ကီး

က် + အု = ကု က် + အေ့ = ကေ့

က် + အူ = ကူ က် + အေ = ကေ

က် + အူး = ကူး က် + အေး = ကေး[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ခင်မင် (ဓနုဖြူ)
  2. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)