ဘိသိက်မင်္ဂလာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘိသိက် မင်္ဂလာဆိုသည်မှာ အဘိသေက မင်္ဂလာ ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ၍ ဦးထိပ်၌ ရေသွန်းခြင်း မင်္ဂလာဟု အဓိပ္ပါယ် ရသည်။ ကျမ်းဂန် ထုံးတမ်းနှင့်အညီ ဦးထိပ်၌ ရေသွန်း၍ မင်္ဂလာယူခြင်း ဖြစ်သည်။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းတွင် ဘိသိက်မင်္ဂလာ ၁၄ မျိုးရှိကြောင်းပြသည်။

ဘိသိက်မင်္ဂလာ (၁၄) မျိုး ရှိသည်။ ၄င်းတို့မှာ -

  1. မင်းမြှောက်ရန် ဦးထိပ်၌ သွန်းလောင်းအပ်သော မုဒ္ဓါဘိသိက်
  2. ရာဇဘိသိက်
  3. ခတ္တိယဘိသိက်
  4. တိုင်းနိုင်ငံ ငြိမ်သက်
  5. သာယာစေခြင်းငှါ ပြုအပ်သော သကလာဘိသိက်
  6. ရန်အောင်စိမ့်သောငှါ ပြုသည့် ဇေယျာဘိသိက်
  7. ဝိဇယာဘိသိက်
  8. အသစ်အသစ်သော အသရေကို ဖြစ်စေခြင်းငှါ ပြုသည့် သီရိပဝေ သနာဘိသိက်
  9. အကျိုးစီးပွား များစိမ်သော့ငှါပြုသော မဟာဘိသိက်
  10. ဆင်ဖြူစသော ရတနာတို့သိမ်းသည့်အခါ ပြုသည့်မင်္ဂလာဘိသိက်
  11. ထိမ်မြားလက်ဆက်သောအခါ ပြုသည့် ဝိဝါဟာဘိသိက်
  12. အသက်ရှည်စေခြင်းငှါပြုသည့် အာယုဒါီ ဘိသိက်
  13. ညီတော်သားတော်တို့အား အိမ်ရှေ့နှင်းခြင်းငှါ ပြုသည့် ဥပရာဇာဘိသိက်
  14. မိဖုရားကြီးအရာ တင်ထားခြင်းငှါပြုသော မဟေသီဘိသိက်
  15. ရွှေထီးရွှေနန်း သိမ်းမြန်းခြင်းငှါ ပြုသော ဒွါရာဘီသိက် တို့ ဖြစ်ကြသည်။

ဘိသိက် မင်္ဂလာ ၁၄ မျိုးတွင် မုဒ္ဓါဘိသေက မင်္ဂလာသည် အရေးကြီးဆုံးဖြစ်သည်။ ဘိသိက် မင်္ဂလာပွဲ ကျင်းပသော ထုံးတမ်းစဉ်လာသည် ဘုရင်စံနစ် ထွန်းကားသော နိုင်ငံတိုင်း၌ ရှိသော်လည်း ကျင်းပပုံချင်း မတူကြချေ။ ကျမ်းဂန် ထုံစံနှင့်အညီ ဦးထိပ်၌ သွန်းအပ်သော အဘိသိက်ရှိသော မင်းသည်သာ မုဒ္ဓါဘိသိက်က္ကမင်း မည်၏။ သို့မဟုတ်က သာမညမင်း မည်သည်။ ထိုသာမညမင်းကား မုချအားဖြင့် မင်းဟု မခေါ်ထိုက်ချေ။ ဘုရား သခင်ကပင်လျှင် အနာပတ္တိ နခတ္တိယာ ဘိသေကေန အဘိသိတ္တော ဟောတိ အစရှိသဖြင့်၊ ကျမ်းဂန် ထုံးစံ နှင့်အညီ ဦးထိပ်၌ သွန်းလောင်းအပ်သော အဘိသိက်ရှိသော မင်းသားမုချ မင်းမည် သဖြင့် ဦးထိပ်သွန်းလောင်း အပ်သော အဘိသိက်မရှိသောမင်း၊ ထိုမင်းမိဖုရားတို့စံရာ တိုက်ခန်းသို့မပန်မကြားဘဲ ဝင်သော် လည်း အာပတ် မသင့် ဟု ဟောတော်မူသည်။ သီဟိုမ္ဗ်ကျွန်း ၌ ဝိဇယမင်းနောက် ဥပတိဿအမတ်သည် ဘိသိက်မခံဘဲ တစ်နှစ် ပတ်လုံး မင်းမူသည်ကို တစ်နှစ်မင်းသုဉ်းသည်၊ မင်းဆိတ်၏ ဟူ၍လည်းကောင်း၊ အဘယမင်း၏နောက် ပဏ္ဍု ကာဘယမင်းသည် အဘိသိက်မခံဘဲ ၁၂ နှစ်ပတ်လုံး မင်းမူ သည်ကို ၁၂ နှစ် မင်းသုဉ်းသည်၊ မင်းဆိတ်သည်ဟူ၍ လည်းကောင်း မဟာဝင်ကျမ်း၌ လာသည်။

ဘိသိက်မင်္ဂလာ ခံယူခြင်းငှါ ထိုက်သောမင်း၏ အင်္ဂါကား အသမ္ဘိဇ္ဈမင်းမျိုးဖြစ်ခြင်း၊ ရာဇာဓံ၌ တည်ခြင်း၊ တိုင်းနိုင်ငံသူ ရှင်လူအပေါင်းတို့အား သားတော် မြေးတော် တို့ကဲ့သို့သနားကြင်နာခြင်း၊ မေတ္တာစိတ်ဖြင့် မျှခြင်း၊ တိုင်းနိုင်ငံသူ ရှင်လူအပေါင်းတို့အား စောင့်ရှောက်ခြင်းဟူ၍ ၅ ပါးရှိကြောင်းဖြင့် အဘိသေက ကျမ်း၌ လာသည်။ သို့ရာတွင် အသမ္ဘိဇ္ဈမင်းမျိုး မဟုတ်ဘဲ၊ ဘိသိက်ခံ၍ မင်းပြုကြသော ဇာတ်ဝတ္ထု သမိုင်းသက်သေများစွာလည်း ရှိသည်။

မြန်မာဘုရင်တို့ဘိသိက်ခံမည်ရှိသော်၊ ဦးစွာ ဓာတ်ပျက်ဓာတ်ဆန်း ကျိန်းခန်းကာလကို ရွေးရသည်။ ထို့နောက် ဘိသိက်နန်းဆောက်ရန် အောင်မြေအရပ်ကို ရွေးကာ ဘိသိက်မင်္ဂလာ နန်းတော်ကို ဆောက်စေရသည်။ ဘိသိက် မင်္ဂလာ နန်းဆောက်သော အစီအရင်ကား မြေပြင်ကို ညီညွတ် စွာ စီရင်ပြီးမှ ကြန်အင်လက္ခဏဉာနှင့် ပြည့်စုံသော နွား ၈ ရှဉ်းကို ရွှေကြိုးငွေကြိုးတို့ဖြင့် တန်ဆာဆင်၍ ရွှေထီး ငွေထွန်တို့ဖြင့် ပုဏ္ဏား ၈ ယောက်တို့က ရှေ့တည်၍ ထွန်ရ၏။ လက္ခဏာပြည့်စုံသော သူကြွယ်သားမြေးတို့က ရွှေပေါက်တူး ငွေပေါက်တူးတို့ကို စွဲကိုင်လျက် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်၍ တူးဆွရ၏။ ထို့နောက် စပါးမျိုး ၇ ပါးတို့ကို ဖြန့်ကြဲ ပြီးနောက် ရေမျိုး ၇ ပါး၊ လေးကျွန်းမြေနှင့် ၇ ပါ၊ မြေစဉာနွားချေးတို့ဖြင့် ညီညွတ်စွာ ချရ၏။ ထို့နောက် ဂြိုဟ်နတ်တို့ကို ပူဇော်၍ ပဇ္ဈက်ရိုက်ခြင်း၊ ငြမ်းထောင်ခြင်း ကိုပြုသည်။ တစ်ဖန် ဂြိုဟ်နတ်တို့အား ပူဇော်၍ ဘိသိက် နန်းသစ်ကို ထူသည်။

နန်းသစ်ထူသည့် အစီအရင် အကျဉ်းကား၊ ဘိသိက်နန်းတော်ရာရှေ့တွင် သိကြားမှစ၍ ၂ ကျိပ်သော နတ်တို့အား စုံသော အုန်းအိပ်ရာ၊ ဆန်တင်းစပါးတင်း၊ အုန်းသီးပင်ပေါက်၊ ကြာသွတ်အိုး၊ လင်ပန်းဖလား ဖြူစင်စွာ ထမင်း၊ နွားနို့ထောပတ်၊ ပျား၊ တင်လဲ၊ အမြိန်အရာ၊ ကွမ်း၊ လက်ဖက်တို့နှင့် ဆီမီးနံ့သာ ထီးတံခွန်တို့ဖြင့် မာန်ရွတ်၍ ပုဏ္ဏားတို့ကို ပူဇော်စေရ၏။ အောက်၌လည်း ခေါတွင် အကျစ်၊ အကြော်၊ အလှော်၊ အသင်း၊ သေစာ၊ ကွမ်း၊ လက်ဖက်တို့ဖြင့် ဘုတ်စားတည်ရ၏။ နန်းတည်မည့်နေ့၌ ပြည်တွင်းပြည်ပ၌ရှိသော စေတီ၊ ဆင်းတု၊ ရုပ်တု၊ ဗောဓိ ညောင်တော်တို့အား သင်ပုတ်ရေချမ်း၊ ထီး၊ တံခွန်၊ ကွမ်း၊ လက်ဖက်၊ ဆီမီးတန်ဆောင်၊ ပန်းပေါက်ပေါက်တို့ဖြင့် ပူဇော် ကြရသည်။ အဓိကရှိသောနတ်၊ ပြည့်စောင့်နတ်တို့အားလည်း ပတ်စည်၊ စောင်းည|င်း၊ အမြိန်အရာ စသည်တို့ဖြင့် ပူဇော်ကြ ရသည်။ နန်းတော် ရာဂမျက်နှာ၌ ကြီးစွာသော တန်ဆောင်း ဆောက်၍ သီလဂုဏ်နှင့် ပြည့်စုံသော များစွာသော အရိယာ သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးခြင်းကို ပြုပြီးလျှင် များစွာ သော အလှူဝတ္ထုတို့ကို လှူတော်မူ၍ စတုဘာဏဝါရ၊ မဟာ သမယ၊ အဋ္ဌဇေယျမင်္ဂလာ အစရှိသော ပရိတ်တော်တို့ကို ရွတ်တော်မူကြရ၏။ နတ်များအား အလှူအဖို့အမျှပေးဝေခြင်း ပြုရသည်။

ရွှေနန်းတော် အရှေ့စူးစူး၌၊ မြင်းဖြူများကို ဆန်းကြယ် စွာ တန်ဆာဆင်၍ ဗောင်းကြီးညွန့်သွယ်ပေါင်းသော မှူးကြီး မတ်ကြီးတို့ကို ဖြူစင်စွာသော အဝတ်တို့ကို ဝတ်၍ သွားလာ နေစေ၏။ အရှေ့တောင်ထောင့်၌ မဏ္ဍပ် ကြီးစွာဆောက်၍၊ အထူးထူးသော ကချေသဘင်တို့ကို ကပြတီးမှုတ်စေသည်။ တောင်စူးစူး၌ ကြီးစွာသော ရွှေတန်ဆောင်ကို ထွန်းကား စေ၏။ အနောက်စူးစူး၌ တန်ဆာဆင်လျှက်၊ ထီးဖြူ တံခွန် ဆောက်လျက် မင်္ဂလာရှိသော ဆင်တို့ကို နေစေ၏။ မြောက် စူးစူး၌ သမီးကညာ ၈ ယောက်တို့ကို ရွှေမြူတာ၊ ငွေမြူတာ ပိုက်လျက် ရပ်စေ၏။ ဗောင်းကြီးညွန့်သွယ်ပေါင်းသော ဖြူစင် စွာသော အဝတ်ကိုဝတ်သော၊ ဗိသုကာတို့၏ အကြီးဖြစ်သူတို့ နှင့် တကွ ဗိသုကာတို့သည် အဆောင်ဆောင် နန်းတော်စောင့် တို့အား ရွှေလင်ပန်း၌ အမြိန်အရာကိုထည့်၍ ပူဇော်ရ၏။ မြေနန်းသစ်တွင် ဓာတ်ဆန်းစုတ်ကူး အပြည့်အစုံဖြစ်အောင် မြေနန်းတော်ရပ် သစ်များအနက် ပြင်ပတ်လည်တွင် စရည်း၊ အတွင်းမြေနန်းပင် ကွန်းစင်သစ် ၆ လုံး ရေသဖန်းကို စိုက်ထူရ၏။ မဏ္ဍပ်အတွင်း၌ နီသော ရွှေသော ထုံး ဟင်းသ ပြဒါးတို့ဖြင့် ခြယ်လှယ်ထားရသည်။

အဘိသိက်ခံရာ ရတနာသဖန်းပျဉ်ကို မင်းဧကရာဇ်တို့ လက်တော်အတောင်နှင့် အလျား ၃ တောင် ၁ မိုက်၊ အနံ ၃ တောင်သော်လည်း ဖြစ်စေ၊ အလျား ၄ တောင် ၄ သစ်သော် လည်း ဖြစ်စေ၊ အထူလက် ၄ သစ်ရှိသော ရေသဖန်းပျဉ် ၄ ထောင့်၌ အခြေ ၄ ခု ၁ မိုက်စီတပ်၍ ရွှေငွေရတနာတို့ဖြင့် ဆန်းကြယ်စွာ ပဒုမ္မာ ကြာပွင့်ချပ်တို့ဖြင့် ခြယ်လှယ်၍ မြေနန်းဥပင်သထက်၌ ထားရသည်။ ကမ္ဗလာနီကိုခင်း၍ နံ့သာမျိုးတို့ကို ကြဲဖြန်း ထားရသည်။ ရွှေငွေစသော ရတနာ မျိုးတို့ကိုလည်း စုထားရသည်။ ရေသဖန်းသားဖြင့် ပြီးသော ရွှေသလွန်တော်ကို မာရဘင် အနောက် ဥပင်သ မုခ်ဝ၌ တောင်မြောက်ခင်းထားရသည်။ မဏ္ဍပ်လေးမျက်နှာ၌ ကြာ သွတ်အိုးတစ်လုံး ရေပြည့်၊ ကွမ်းဘူးကွမ်းလင်၊ သပြေမြေဇာ၊ မုရားထည့်၍ တည်ရ၏။ ယင်းအပါးတွင် အုန်းခိုင်၊ ကွမ်းသီးခိုင်၊ ငှက်ပျောခိုင်၊ အထူးထူးသော သစ်သီး ပန်းမန် ဆီမီးတန်ဆောင်ထွန်း၏။ မြူတာ ၁ဝ၈ လုံး၌ ကွမ်းဘူးကွမ်း လင်၊ သပြေ မြေဇာ၊ မုရားထည့်၍ မဏ္ဍပ်ဝန်းကျင်တည်၏။ မဏ္ဍပ်ဝန်းကျင်၌ နို့ရည်ရှိသော ပညောင်သား၊ သဖန်းသား တို့ကို စိုက်၏။ အရှေ့စူးစူး၌ တံခွန်ကြီး စိုက်၏။

ရွှေလင်ပန်း၌ သလေးထမင်း အမြိန်အရာတည်၏။ အုန်းခိုင်၊ ကွမ်းသီးခိုင်၊ ငှက်ပျောခိုင်၊ ဆီမီးတန်ဆောင်၊ ပန်းမန်၊ ကွမ်း လက်ဖက်တို့ဖြင့်ထည့်၍၊ တန်ဆာ ဆင်သော ဆင်ပေါက်ထား ၏။ အရှေ့တောင်ထောင့်၌ တံခွန်ကြီးနှင့် ငွေလင်ပန်းတွင် ယခင်ဆိုတိုင်းတည်၍၊ တန်ဆာဆင်သော ဆိတ်မြန်မာ ကိုထား၏။ တောင်စူးစူး၌ တံခွန်ကြီးနှင့် သံလင်ပန်းတွင် ယခင်ဆိုတိုင်းတည်၍၊ တန်ဆာဆင်သော ကျွဲမထား၏။ အနောက်တောင်ထောင့်၌ ခဲမ လင်ပန်းတွင် သားပြွမ်း ထမင်းနှင့် တန်ဆာဆင်သော လူအိမ်ထောင့်စုံ ထား၏။ အနောက်စူးစူး၌ တံခွန်ကြီးနှင့် ခဲမဖြူလင်ပန်းတွင် အမြိန်အရာ၊ တန်ဆာ ဆင်သော မြည်းကိုထား၏။ အနောက်မြောက်ထောင့်၌ တံခွန်ကြီးနှင့် ကြေးနီလင်ပန်းတွင် ပျားရည်ဖြင့် ပြွမ်းသော ထမင်းနှင့် တန်ဆာဆင်ထားသော သမင်ကိုထား၏။ မြောက်စူးစူး၌ တံခွန်ကြီးနှင့် ရွှေလင်ပန်း တွင် အရာ ၅ ပါးပြွမ်းသော ထမင်း၊ တန်ဆာဆင်သော မြင်းကိုထား၏။ အရှေ့မြောက်ထောင့်၌ တံခွန်ကြီးနှင့် ရွှေလင်ပန်းတွင် အမြိန်အရာ ပြွမ်းသော ထမင်းနှင့် တန်ဆာဆင်သော နွားဥသဘကိုထား၏။ တံခွန်ကြီးအကြား၌ ငှက်ပျောပင် စိုက်၏။ ဆီမီးတန်ဆောင်ည|ိ၏။ မင်္ဂလာရှိသော ဆင်မြင်းတို့ကို တန်ဆာဆင်၍ ရံစေ၏။ မင်္ဂလာရှိသော ဆင်မြင်း တို့နှင့် မိန်ညိုဝတ်လျက် ရွှေကာစွဲသော သူရဲ၊ ရွှေလေးစွဲသော သူရဲ၊ မိန်ညိုဝတ်သော သူရဲတို့ကို ရံစေသည်။ ဘိသိက်သွန်းရန် မင်္ဂလာ ရေခပ်ရသည့် အစီအရင် ကား၊ လမ်း ၂ ဖက်ကို တန်ဆာဆင်၍ လမ်းဆုံတိုင်း သဘင် ကြီးစွာ စီရင်သော်၊ ခပ်မည့် ရေကန်ကိုလည်း တန်ဆာဆင်၏။

အရပ် ၈ မျက်နှာ၌လည်း၊ ထမင်းအမြိန် အရာအစေ့အစုံ၊ ကွမ်း၊ လက်ဖက်၊ နံ့သာ၊ ဆီမီး၊ တံခွန်တို့ဖြင့် ပုဏ္ဏားတို့ကို ပူဇော်စေသည်။ ရေခပ်သွားသည့် အခါ ရှေ့ဆုံးမှ အထူး ထူးသော ကချေသဘင်တို့ဖြင့် သွားရ၏။ ထို့နောက် အိုးစရည် ၈ လုံးကို ဆိုင်းဖြင့် ထမ်းသွားရသည်။ ထို့နောက် မြူတာ ၁ဝ၈ လုံးတွင် သပြေ၊ မုရားစိုက်၍ တန်ဆာဆင်ထားသော လုလင်တို့က ထမ်းလျက်၊ ထို့နောက် ပုရောဟိတ်တစ်ယောက်၊ ထို့နောက် ရွှေမြူတာ ငွေမြူတာ ၄ လုံးစီကို တန်ဆာဆင်အပ် သော သမီးကညာတို့က ပိုက်လျက်၊ ထို့နောက် လုလင်များ၊ ထို့နောက် ထီးစည်စလွယ် ဦးပေါင်းသင်းကျစ်ရသော အမတ် ကြီးများ၊ ထို့နောက် ဆင်သည်တို့ဆင်နှင့်၊ မြင်းသည်တို့မြင်းနှင့် လိုက်ရသည်။ ရေကန်၌လည်း၊ ရေကန် နတ်ဟန် ဝတ်၍ တစ်ဦးနေရသည်။ ရေခပ်လာသူတို့ရောက်လျှင်၊ ရေကန်နတ်ဟန် ဆောင်သူက အဘယ်အလို့ငှါ လာသနည်းဟု မေးရသည်။ ထိုအခါ ပုရောဟိတ်တို့က ရှေးဘေးလောင်းတော် ဘိုးလောင်တော်တို့ဘိသိက်မင်္ဂလာ စီရင်တော်မူသည်အတိုင်း၊ ဘုန်းတော်ကြီးသော မင်းတရားကြီးသည် ထီးဆောင်း မင်္ဂလာ ဆင်ယင်တော်မူမည်ဟု ရေခပ်လာသည်ဟု ပြန်ပြောရသည်။

ရေကန်စောင့် နတ်က ဘုန်းတော်ကြီးသော မင်းသည် သက်တော်ရှည်လျက် သာသနာတော်မြတ်စီးပွား၊ ပြည်သူ လူရဟန်းတို့စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တိုင်အောင် တည်ပွား ပြီးစီး ကြီးမြတ်တော်မူစေတော် ကောင်းစွဟုဆို၍ ခွင့်ပြုမှ၊ ရွှေပန်း ငွေပန်း၊ ရွှေပေါက်ပေါက်၊ ရွှေခဲ၊ ငွေခဲ၊ နဝရတ်ကိုးပါး၊ ဆီမီး၊ ကွမ်း၊ လက်ဖက်နှင့် ပူဇော်၍၊ ဗေဒင်ကျမ်း၌လာသော မာန်ကို ရွတ်၍၊ ပုရောဟိတ်နှင့်တကွ သမီးကညာတို့ရေခပ်ပြီးသော် လာသည့်အစီအစဉ်အတိုင်း ပြန်ကြရသည်။

ဘိသိက်သွန်းခံမည့် ဘုရင်သည် ဝတ်လဲဆောင် ပြသာဒ်မှ မင်္ဂလာနန်းတော်ကို လက်ယာရစ် လည်တော်မူ၍၊ မြေနန်းတက်တော်မူသောလမ်းကို တံခွန်ကျံသော ငှက်ပျော၊ အုန်းခိုင်၊ ထန်းခိုင်၊ ဆီမီးတန်ဆောင်တို့ဖြင့် တန်ဆာ ဆင်၍ ရတနာ အတိပြီးသော ယာဉ်ကို စီးတော်မူ၍ ဆင်စီးမြင်းစီးတို့ ခြံရံလျက် မင်္ဂလာနန်းတော်ကို လကျာ်ရစ် လည်တော်မူကာ၊ မြေနန်းတံခါးသို့ရောက်တော်မူသော်၊ မြန်မာမျိုး၌ ဖြစ်သော ပုရောဟိတ်တို့သည် မြေနန်းတော်မှ ထွက်ကာ ကြိုဆိုရသည်။

ဘုရင်သည် လက်ယာခြေတော်ချီ၍ ပုရောဟိတ်၏ လက်ယာ လက်ကိုင်ကာ တက်ရသည်။ ဇယမင်္ဂလာ ဂါထာကို မင်းကြီး ရော ပုဏ္ဏားပါဆို၍ တက်ရသည်။ မြေနန်းပေါ်သို့ရောက် သော်၊ လက်ယာရစ် လည်တော်မူပြီးမှ ရေသဖန်းပျဉ်သို့ တက်တော်မူ၍ အရှေ့စူးစူးသို့ရှေ့ရှုတော်မူကာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူရသည်။ ထို့နောက် မင်းလက်နှင့် အချင်း ၄ တောင် လက် ၆ သစ်ရှိသော ထီးဖြူကို ဖွင့်ရသည်။ မင်းမြေ|ာက် တန်ဆာ ၅ ပါးကိုလည်း မာန်ရွတ်လျက် တစ်ခုစီ ဆက်ရ သည်။ ကောင်းစွာ ဝတ်ဆင်အပ်သော မင်းသမီး ၈ ပါး က လက်ယာရစ် ခရုသင်းတွင် ဂင်္ဂါငါးရပ် ရေကိုထည့်လျှက် လက် ၂ ဖက်ဖြင့် မင်း၏ ဦးခေါင်းတွင် စိုက်လျက် အရှင်မင်းမြတ် ့ ့ ့ အရှင်မင်းမြတ်ကို အလုံးစုံလည်း ဖြစ်ကုန်သော မင်းမျိုးအပေါင်းတို့သည် မိမိတို့ကိုယ်ကို စောင့်ရှောက်စေခြင်းငှါ၊ ဤအဘိသိက်ဖြင့် အဘိသိက် သွန်းလောင်းခြင်းရှိသော မင်းအဖြစ်ကို ပြုကုန်၏။ အရှင် မင်းမြတ်သည် မင်းကျင့်တရားဖြင့် တည်လျက်၊ တရားနှင့် ညီညွတ်သဖြင့် မင်းအဖြစ်ကို ပြုတော်မူလော့၊ ထိုမင်းမျိုး အပေါင်းတို့၌ အရှင်မင်းကြီးသည် ညီညွတ်သဖြင့် မင်းအဖြစ် ကို ပြုတော်မူလော့၊ ထိုမင်းမျိုး အပေါင်းတို့၌ အရှင်မင်း သည် ရွှေရင်တော်နှစ်ကဲ့သို့ချစ်ခင်သနားတော်မူသဖြင့် စီးပွားစေလိုသော စိတ်ဖြင့်၊ ထိုမင်းမျိုး အပေါင်းတို့ကို စောင့်ရှောက်တတ်သည်လည်း ဖြစ်တော်မူဘိလော့ဟု သက္ကတ၊ မဂဓ ၂ ဘာသာစုံဖြင့်ဆို၍၊ အဘိ သိက် သွန်းလောင်းရ၏။

ထို့နောက် ပုရောဟိတ် ၈ ပါး၊ သူဌေး သူကြွယ်တို့က အထက်ပါ နည်းအတိုင်း ရွတ် ဆို၍ ဘိသိက်သွန်းရသည်၊ တံပိုး၊ ခရာ၊ ပြွေ၊ တံရှည်၊ တံကောက်တို့ဖြင့် တီးမှုတ်၍၊ ပုရောဟိတ်တို့က ဘုရင် အား ဘွဲ့မည်သမုတ်သည်။ ပုရောဟိတ် ၈ ပါးတို့က ရေနှင့်မြေကို အစိုးရတော်မူသော တရားမင်းမြတ်၊ မင်းတကာတို့ကျင့်တော်မူရာသော တရား တို့ကို ကျင့်တော်မူလော့၊ ခပ်သိမ်းသော လူတကာတို့၏ စီးပွားချမ်းသာ ကိုလည်း ရှာတော်မူသော အလှူပေးခြင်း၊ သီတင်းသုံးခြင်းကိုလည်း ကျင့်တော်မူလော့ဟုဆိုလျှင်၊ ရွှေကရားနှင့် ရေစင်သွန်းတော်မူ၍ ဒါနအထူးထူးသောအလှူကို ပေးတော်မူသောအားဖြင့် ဤသို့သော ဧကရာဇ်မင်းအဖြစ်ကို ရတော်မူပြီ၊ ပြည်သူလူရဟန်းတို့စီးပွားချမ်းသာကို ရှာတော် မူအံ့သော၊ တရားနှင့် လျော်စွာလည်း ငါဆုံးမအံ့သော၊ ငါ၏ ကိုယ်တော်လည်း ရောဂါခပ်သိမ်းကင်း၍ သက်တော် အလွန် ရှည်လိုသော၊ ရန်မာန်ခပ်သိမ်းကိုလည်း အောင်လိုသော၊ ဆင်ဖြူရတနာ ရောက်စေသောဟု ဓိဋ္ဌာန်စကားကို မိန့်တော် မူရ၏။

ယင်းသို့မိန့်တော်မူပြီးမှ မင်းသား မင်းသမီး မင်းဆွေ မင်းမျိုး၊ မှူးကြီးမတ်ရာ စော်ဘွားစော်ခံ ပြည်သူလူအပေါင်းတို့ သည် ရွှေပေါက်ပေါက် ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်၍ သက်တော်အလွန်ရှည်စေသော၊ တိုင်းကား နိုင်ငံတော်လည်း ကျယ်စေသော၊ သာယာစေသော ဟူ၍ ပူဇော်ပြီးမှ သူဌေးကြီး ၅ ပါးတို့သည် ရွှေတွေ၊ ငွေတွေ၊ သံတွေ၊ ကြိမ်ခွေ၊ အောင်းဖြူ တို့ကို ဆက်ကုန်ပြီးသော်၊ မင်းမြေ|ာက်တန်ဆာ ၅ ပါးတို့နှင့် တကွ ရွှေမြူ တာ၊ ငွေမြူတာ၌ ပရိတ်ခြည်နှင့်တကွ ကွမ်းဘိုး ကွမ်းလင် သပြေမြေဇာ သရက်ညွန့်တို့ကိုထည့်၍၊ ရှေ့တော်က ဆောင်၍ သွားရသည်။ မြေနန်းတော်မှ မင်္ဂလာ နန်းတော် ရောက်အောင် မြေ၌သင်ဖြူးခင်း၍၊ သင်ဖြူးထက် ဖြူစင် စွာသော ပိတ် ပုဆိုးကိုခင်း၍၊ ပုဆိုးထက် လက်ယာ ခြေတော်ချီ၍၊ အစဉ်အတိုင်း လာတော်မူရသည်။ မင်္ဂလာစောင်း တန်းသို့ရောက်လျှင် ရတနာ ၃ ပါး၊ ဂြိုဟ် ၉ ပါး၊ နတ်အများအား ပူဇော်ရ၏။ ထို့နောက် လက်ယာတံခါးကို ဝင်တော်မူ၍ ရတနာ ၃ ပါး ဂြိုဟ် ၉ ပါး၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလာ၊ ဘုမ္မစိုး၊ အာကာသစိုး၊ သာသနာတော် စောင့် နတ်၊ အရပ် ၈ မျက်နှာစောင့်နတ်၊ ကိုယ်တော်မြတ်ကို စောင့်သောနတ်၊ သမာဓိနတ်တို့အား လက်ဖြင့် ပူဇော်တော် မူ၍၊ မနောလင်ပန်း၌ အမြိန်အရာတို့ကို စားတော်ခေါ်ပြီးမှ ရွှေပင်ထက် နေတော် မူရသည်။ ထိုနောက်မှ သဘင်ကြီး စွာခံ၍ မှူးကြီးမတ်ရာ၊ ပညာသည်တို့အား ဆုလာဘ်များချကာ၊ ရက်လည်သည် အထိ အလှူအတန်းကြီးများ ပေးတော်မူကြ လေသည်။

ဤကား မြန်မာမင်းတို့၏ ဘိသိက်မင်္ဂလာပွဲကြီး ဆင်နွှဲပုံ အကျဉ်း ဖြစ်သည်။ အင်္ဂလိပ်ဘုရင်များ၏ ဘိသိက်မင်္ဂလာပွဲများကား များသောအားဖြင့် နန်းတက်ပြီးနောက် တစ်နှစ်ခန့်ကြာသော အခါမှ ကျင်းပလေ့ရှိကြသည်။ အင်္ဂလိပ်ဘုရင်နှင့် ဘုရင်များ၏ ဘိသိက်မင်္ဂလာပွဲကို ဘုရားရှိခိုးကျောင်းကြီး၌ ကျင်းပလေ့ရှိသည်။ ဘိသိက်ခံမည့် ဘုရင်မင်းမြတ်သည် နန်းတော်မှ ဘုရားရှိခိုးကျောင်းသို့ မြို့တွင်းလမ်းများ တစ်လျှောက်၊ မြင်း ၆ ကောင်၊ ၈ ကောင်စသည် ကသောရထားဖြင့်သွားသည်။ ဘုရင်မင်းမြတ် ဘုရားရှိခိုးကျောင်းသို့ရောက်သည်နှင့် တစ်ပြိုင်နက်ဘုရားရှိခိုး ကျောင်းတွင်း၌ ရောက်ရှိနေသော မှူးမတ်ပရိသတ်အပေါင်း မတ်ရပ်ထ၍ အလေးပြုရ သည်။ ဘိသိက်ခံမည့် ဘုရင်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ် ၄ မျက်နှာလှည့်၍၊ မှူးမတ်ပရိ သတ်တို့၏ အသိအမှတ်ပြု ကောင်းခြီးပေးခြင်းကို ဦးစွာခံယူရသည်။ ထို့နောက် ဘိသိက်ခံ ရာဇပင်တွင် ခေါင်းဆောင်းမပါဘဲ ထိုင်ရသည်။

ဘုရင်မင်းမြတ်သည် ဘိသိက်ခံရာဇပင်တွင် ထိုင်လျက်နိုင်ငံတော်၏ သစ္စာကို ခံယူ၏။ ထို့နောက် ဘုရင် မင်းမြတ်အား ဆီမွှေးဖြင့် လိမ်းကျံပေး၍ ရွှေဝတ်ရုံတော်ကို ဆင်မြန်းပေးလေသည်။ မင်းမြေ|ာက်တန်ဆာများ ဖြစ်သော ရာဇလှံတံများနှင့် ဘိသိက်ခံလက်စွပ်များကိုလည်း ပေးအပ်ခြင်း ခံရလေသည်။

နောက်ဆုံးတွင် ကင်တာဗာရီ ဂိုဏ်းချုပ်ကြီးက ဘုရင် မင်းမြတ်အား စိန်အက်ဒွပ်သရဖူကို ဆောင်းပေး၍၊ ဂိုဏ်းအုပ် ဘုန်းတော်ကြီးများကိုယ်စား ဂိုဏ်းချုပ်ကြီးက ဘုရင်မင်းမြတ် အား အလေးပြုလေသည်။ မင်းညီမင်းသား များနှင့် မှူးကြီး မတ်ရာ သေနာပတိကြီးတို့ကလည်း အလေးပြုကြလေသည်။ ထိုနောက် ဘုရင်မင်းမြတ်သည် စိန်အက်ဒွပ် ဘုရား ကျောင်းတော်သို့အခြွေအရံများ ခြံရံလျက် ကြွသွားလေသည်။ ထိုမှတစ်ဖန် သရဖူဆောင်းပြီးသော ဘုရင်တစ်ပါးအဖြစ် နန်းတော်သို့ပြန်လည်ကြွမြန်းတော်မူသည်။ နန်းတော်သို့ အပြန်တွင်ကား၊ ဧကရာဇ် သရဖူကိုဆောင်း၍ ခရမ်းရောင် ကတ္တီပါ ဝတ်ရုံတော်ကို ဆင်မြန်းထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)