ရွှေရေးပန်းချီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရွှေရေးပန်းချီ[ပြင်ဆင်ရန်]

ရွှေရေးပန်ချီ၊ငွေရေးပန်ချီများကို ရှေးခေတ်က အများအားဖြင့် ရတနာသုံးပါးအကြောင်းပြုသော ပစ္စည်းများနှင့် မင်းထိုက်စိုးတန် တော်ဝင်ကားများအတွက် ရေးခြယ်အသုံးပြုခဲ့ကြသည်။ ရတနာသုံးပါးနှင့် သက်ဆိုင်သော ဂူ၊ ကျောင်း၊ ပြာသာဒ်၊ လိုဏ်၊ နံရံများတွင်၎င်း၊ ပိဋကတ် စာတိုက်သေတ္တာ၊ ဗီရိုများတွင် တွေ့နိုင်ပါသည်။

ရွှေပန်ချီ ရေးခြယ်နည်းမှာ သစ်စေး၊ သို့မဟုတ်-သဖန်းစေး စသော အခြားစေးကပ်သော သစ်စေးအမျိုးမျိုးဖြင့် အလိုရှိသော ဇာတ်ရုပ်စုံ၊ ကနုတ်များကို ရေးဆွဲ၍ သစ်စေးခပ်ထပ်ထပ် အရှိတွင် ရွှေဆိုင်းဖြင့်အုပ်၍ ချလိုက်ရသည်။ ပြီးမှ ဂွမ်းနုဖြင့် ဖိနှိပ်ပွတ်သပ်ယူလိုက်ရသည်။ သစ်စေး လွတ်လပ်သောနေရာမှ ရွှေများပါလာပြီး သစ်စေးနေရာတွင် ရွှေများစွဲ၍ ကျန်ရစ်ခဲ့ခြင်းအားဖြင့် ရုပ်ပုံများ ပေါ်လာသည်။ ငွေပန်းချီများလည်း ရွှေပန်ချီနည်းကဲ့သို့ ငွေဆိုင်းဖြင့်ချ၍ ပုံဖော်ယူခြင်းဖြစ်လေသည်။

နောက်တနည်းမှာ-ဟင်္သပဒါး၊ သို့မဟုတ်-သစ်စေးအနက်ခံ ပိန်းမျက်နှာပြင်တွင် မိမိအလိုရှိသောပုံကို ရေးဆွဲပြီး မလိုသောနေရာများကို မြေနီညက်ညက်ကို ရေနှင့်ဖျော်၍ စုတ်တံဖြင့် ဖုံးအုပ်ထားရသည်။ မြေနီအခြောက်တွင် မိမိရေးဆွဲထားသော ကောက်ကြောင်းများပေါ်သို့ သစ်စေးရည်နှင့် ခပ်ထပ်ထပ်ရေးဆွဲပြီး ရွှေချလိုက်သည်။ ထို့နောက် သစ်စေးရွှေ အအိပ်လောက်ဟု ထင်သည့်အခါ ရေဆေးချလိုက်သောအခါ မြေနီများ အရည်ပျော်စေ၍ ၎င်းအပေါ်ရှိ ရွှေမှုန်နှင့်တကွ ဆောင်ယူသွားသောအခါ ရုပ်ပုံပေါ်၍ ကျန်ရစ်ခဲ့ပေသည်။

ရွှေပန်းချီရေးဆွဲနည်းများမှာ ပန်းချီရေးဆွဲနည်း ရိုးရိုးတတ်ရုံနှင့် မပြီးသေးဘဲ ရွှေကိုင်၊ ငွေကိုင်ပါ တတ်ကျွမ်းမှသာ ဖြစ်သည်။ မင်ကောက်ကြောင်း အရေးကောင်းပြီး စုတ်ဆွဲလက် သေသူများမှသာ နိုင်နိုင်နင်းနင်း ပြုလုပ်နိုင်သည်ဟု ဆိုလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဘသော် (ကသာ)(ငွေတာရီ မဂ္ဂဇင်း ၂၀၀၁-မေလ)