အခရစ်လစ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အခရစ်လစ်(Acrylic)[ပြင်ဆင်ရန်]

အခရစ်လစ်ဆေးသည် ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထားသော ပန်းချီဆေးတစ်မျိုးဖြစ်သည်။ ဤဆေးသည် စွယ်စုံသုံးစွဲနိုင်သော ဆေးဖြစ်သည်။ အခရစ်လစ်ဆေးသည် ဆီဆေးနှင့် အလားတူ၍ ဆီဆေး၏ ဝိသေသ လက္ခဏာများနှင့် ဆင်တူယိုးမှား ဖြစ်နေပါသည်။ သို့သော်ဆီဆေးနှင့် မတူသောအချက်မှာ အခြောက်မြန်ခြင်း ဖြစ်သည်။ ထိုဆေးသည် ကင်းဗတ်၊ သစ်သား၊ စက္ကူ၊ ဘုတ်ပြား၊ ဖန်၊ ပလပ်စတစ်၊ ကွန်ကရိနှင့် အင်္ဂတေ စသော မျက်နှာပြင် အမျိုးမျိုးပေါ်တွင် ရေးဆွဲအသုံးပြုနိုင်သည်။ ဆီဆေးရေးဆွဲရာတွင် ဆေးရောင်နှင့်ရောစပ်ရသော မီဒီယမ်(Medium) လိုအပ်သကဲ့သို့ အခရစ်လစ်ရေးဆွဲရာတွင်လည်း ရေ လိုအပ်ပါသည်။ ဆေးကြောသန့်စင်ရာ တွင်လည်း ရေနှင့်ပင် ဆေးကြောရသည်။ အရောင်တောက်ပ စိုပြေခြင်း၊ ရေရှည်၌ လိုအပ်သလို ရေးဆွဲနိုင်ခြင်း၊ အရောင်မှေးမှိန်ခြင်းကို ကာကွယ်နိုင်ခြင်း၊ လွန်ကဲစွာ အရောင်တောက်ပြောင်မှုမရှိခြင်း၊ ရေ၏စွတ်စိုမှု အန္တရာယ် ကို ထူးကဲစွာခံနိုင်ခြင်း၊ ပြင်ပမှ သက်ရောက်သော ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်သော အရည်အသွေးများရှိ ခြင်း၊ ဆေးများကွဲအက်ခြင်းမှ ကင်းဝေးခြင်း၊ ဆေးကို ဖော်စပ်အသုံးပြုရာတွင် အဆိပ်အတောက်ဖြစ်စေသည့် အရာများမပါရှိခြင်း စသည့်အချက်များကား အခရစ်လစ်ဆေး၏ ထူးခြားမှုများပင် ဖြစ်သည်။

ထို့ပြင် ဤဆေးသည် ပုံမှန်မဟုတ်သော အရာတို့၏ ဒြပ်သားမျက်နှာပြင်များကို ရေးဆွဲဖန်တီးခြင်း၊ ဆေးများက်ို အတုံးအခဲအလိုက် ရေးဆွဲခြင်း၊ အစွန်းအကွက်များဖော်၍ ရေးခြင်း၊ အရောင်ကို တောက်ပစေခြင်း၊ ဆေးရောင်ကို ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်စွာ အသုံးပြုခြင်း နှင့် လေအားကို အသုံးပြု၍ အမှုန်အစက်များဖြင့် ရေးဆွဲခြင်း စသည့်ပုံမှန်ရေးရိုးရေးစဉ်မဟုတ်သော အသစ်အဆန်းများကို ရေးရာ၌ များစွာသင့်လျော်သော ဆေး အမျိုးအစားဖြစ်ပါသည်။

ဤဆေး၏ ထူးခြားချက်မှာ ပန်းချီဆရာများ၏ စိတ်ကို ကောင်းစွာလှုပ်ရှားစေခြင်း၊ ပန်းချီအနုပညာကို ပြည့်ဝစွာဖန်တီးနိုင်ခြင်းတို့ဖြစ်သည်။ အခရစ်လစ်ဆေးသည် မှိန်သောအရောင်များ ဖြစ်စေနိုင်သလို တောက်ပြောင်သော အရာများ ဖြစ်စေခြင်း၊ ထူပျစ်အောင်ဆေးချယ်နိုင်ခြင်းများအပါအဝင် ဆီဆေးများဖြင့် ပေါင်းဖွဲ့ထား၍ ကျယ်ပြန့်သောအရောင်အသွေး ခြယ်လှယ်မှု နည်းပညာများနှင့် လိုက်ဖက်လှသည်။ ဆေးအထူသုံးမည်ဆိုလျှင် အခရစ်လစ်ဆေးသည် ပြန့်ပြူး ညီညာခြင်း၊ ချောမွေ့ခြင်း၊ မျက်နှာပြင်များကို ဆေးထူထူဆေးများများ ရေးခြယ်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းဆေးများသည် ရေနှင့်လည်းရောစပ်နိုင်ပြီး ရိုးရိုးရေဆေးကဲ့သို့ အကြည်လည်း ရေးဆွဲနိုင်ပါသည်။ မှိုတက်ခြင်း စသောပျက်စီးစေမှုများမှ ကာကွယ်ရန် ခဲဓာတ်ပါသောအရည်များနှင့် ကြာရှည်ခံစေသော ဇဝက်သာ ကဲ့သို့သော ပစ္စည်းများ ပါဝင်ရောစပ်ထားခြင်းဖြင့် ဆေးများခဲခြင်း ပျစ်ခြင်းမှ ကင်းဝေးသည်။

ဤဆေး၏ဆိုးကျိုးမှာ အခန်းအပူချိန်၌ ဆေးသည် အလွန်ပျော့ပျောင်းနူးညံ့ခြင်းဖြစ်ပြီး ဆေးရေးခြယ်သောအခါတွင် ဆေးသားအလွှာတွင် ဖုန်မှုန့်၊ မြူမှုန့် စသည်များ ဝင်ရောင်စေပြီး ဆေးအရောင်ပျော့စေခြင်း၊ ဆေးရောင်ပျက်ခြင်းများကို ဖြစ်စေပါသည်။ အခရစ်လစ်ဆေးသည် ခြောက်သွေ့သာအခါ ပို၍အရောင်မဲမှောင်စေပါသည်။ ဆေးအလွန်အကျွံ သုံးစွဲချယ်မှုန်းထားပြီး ခြောက်သွားသောအခါ ထိုနေရာမှ အရောင်များနှင့် ခွဲခြားနိုင်းယှဉ်ရန် ခက်ခဲပါသည်။ ဤဆေးသုံးခြင်းဖြင့် လူအချို့တွင် ဆေးနှင့်မတည့်သော အခြေအနေ (Allergies)များ ဖြစ်ကောင်း ဖြစ်ပေါ်စေနိုင်သည်။ အခရစ်လစ်ဆေးကို ၁၉၉၀-ခုနှစ်၌ ဂျာမဏီပြည်မှ ပထမဦးဆုံး ဖော်စပ်ထုတ်လုပ်ခဲ့သည်။ ဆေးထုတ်လုပ်သည့်အပေါ်မူတည်၍ အမျိုးအစားကွဲပြားခြားနားမှုရှိပြီး အချို့သည် အရည်ကျဲ၍ အချို့သည် အရည်ပျစ်သည်။ မည်သို့ပင်ဖြစ်စေ ဆေးနှင့်ရောစပ်သုံးစွဲရသော မီဒီယံ(Medium) နှင့် ကော်စေးတစ်မျိုး(Gel)တို့ကို ထည့်၍ လိုအပ်သလို ထိန်းချုပ် သုံးစွဲနိုင်ပါသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

စိန်ပန်းနီ(အလှပညာ စာအုပ်မှ)